Blackjack ဖဲကိုဘယ်လိုကစားရမလဲ?

Blackjack ဟာ လူတိုင်းနဲ့သိပ်မစိမ်းတဲ့ ကစားနည် တစ်ခုပါ။ ကစားရလွယ်ကူခြင်း၊ နားလည်သဘောပေါက်ရန် လွယ်ကူခြင်းနဲ့ ကစားရန်ပစ္စည်းကိရိယာများဟာ လွယ်ကူစွာရရှိနိုင်ခြင်းကြောင့် လူကြိုက်များလှတဲ့ကစားနည်းတစ်ခုပါ။

သူငယ်ချင်းများနဲ့ အိမ်တွင်းမှာဖြစ်စေ ပျော်ပွဲစားထွက်လျှင်ဖြစ်စေ ကစားကြသကဲ့သို့ Casino ရုံများတွင်လည်း ငွေပိုက်ဆံများနှင့်ကစားကြသော လူတန်းစားမျိုးစုံ ကစားနိုင်သည့် ကစားနည်းဖြစ်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းများနဲ့ကစားသလို Casinoရုံတစ်ခုမှာ သွားကစားလို့မရပါဘူး။ Blackjack ဟာ နိုင်ငံတကာကစားနည်းဖြစ်သောကြောင့် သူ့မှာတိကျသော စည်းမျဉ်းများ၊ နည်းစနစ်များလည်းရှိပါတယ်။ ဒါဆို Casino ရုံတစ်ခုက Blackjack ကစားနည်းအကြောင်း အသေးစိတ်ကြည့်လိုက်ရအောင်။

ဖွဲ့စည်းပုံ

Blackjack စားပွဲဟာ ပုံမှန် Casino စားပွဲများလို အလယ်အလတ်စားပွဲလေးပဲဖြစ်ပြီး ဖဲဝေသူဟာ Casinoရဲ့ စည်းမျဉ်းအပေါ်မူတည်ပြီး မတ်တပ် သို့မဟုတ် ထိုင်၍ ဖဲဝေပါတယ်။ များသောအားဖြင့် ကစားသမား ခုနှစ်ယောက်အထိ ကစားလို့ရပြီး တစ်ယောက်ချင်းစီအတွက် လောင်းကြေးထည့်စရာနေရာ ပေးထားပါတယ်။ အာမခံကြေးထည့်စရာနေရာလည်း သပ်သပ်ပေးထားပါတယ်။ အာမခံကြေးကို နောက်တွင် ဆက်လက်ရှင်းပြပါမယ်။ဖဲချပ်များ ပုံမှန်အားဖြင့် Blackjackမှာ ဖဲခြောက်ထုပ်ကနေ ရှစ်ထုပ်အထိအသုံးပြုပြီး ဖဲထုပ်တွေကို အလိုအလျှောက်ဖဲမွှေစက်ဖြင့်မွှေပါတယ်။ ဒီမှာဖဲချပ်တွေရဲ့တန်ဖိုးကိုသိဖို့လိုပါတယ်။ J,Q,Kနဲ့10ကဒ်တွေရဲ့ တန်ဖိုးကို ၁၀အဖြစ်သတ်မှတ်ပြီး Aceကိုတော့ ၁(သို့မဟုတ်)၁၁အဖြစ် သတ်မှတ်ပါတယ်။ ကျန်ကဒ်တွေဖြစ်တဲ့ 2,3,4,5,6,7,8,9 ကိုတော့ မူလတန်ဖိုးအတိုင်း ၂၊၃၊၄၊၅၊၆၊၇၊၈၊၉ အဖြစ်သတ်မှတ်ပါတယ်။ (ပုံတွင်ကြည့်ပါ)။ ဂဏန်း၁၀တန်ဖိုးဖြစ်တဲ့ J,Q,K,10 တို့ထဲမှတစ်ကဒ်နဲ့ ဂဏန်း၁ (သို့မဟုတ်) ၁၁ ဖြစ်တဲ့ Ace ကဒ်တို့ပေါင်းခြင်းကို Blackjackလို့ခေါ်ပါတယ်။ (ပေါင်းခြင်း၂၁ပါ) 

စည်းမျဉ်းများ 

Blackjackတွင် ပေါင်းခြင်း၂၁သည်အကြီးဆုံးဖြစ်ပြီး J,Q,K,10 မှတစ်ကဒ်နဲ့ Ace တစ်ကဒ် ပေါင်းခြင်း၂၁ (Blackjack)သည် အမြင့်ဆုံးဖြစ်သည်။ ၂၁ထက်ကျော်သောဖဲကဒ်များသည် သေသွားပြီး(Bust) မိမိလောင်းကြေးများကို ဒိုင်မှသိမ်းသွားမည်ဖြစ်သည်။ (ထိုအချက်ကို အထူးဂရုပြုသင့်သည်)။ မိမိBlackjackဖြစ်သွားရင်တော့ ဒိုင်မှ ၁ခွဲဖြစ်စေ ၂ဆဖြစ်စေ အလျော်ပေးမှာပါ။ လျော်ကြေးငွေအဆပေါင်းသည် Casino၏စည်းမျဉ်းအပေါ်မူတည်ပါတယ်။ ကစားပွဲစပြီဆိုလျှင် ဖဲဝေသူမှဒိုင်အတွက်ဖဲတစ်ချပ်အရင်ဝေပြီး လက်ဝဲဘက်ရှိကစားသမားမှ စတင်ကာ ဝဲမှယာဖဲဝေပေးပါတယ်။ ဖဲချပ်များကို ပက်လက်အနေအထားနဲ့ ဂဏန်းများမြင်ရအောင် ပြထားပေးပါတယ်။ ကစားသမားအားလုံးကိုဖဲချပ်၂ချပ်စီ ဝေပေးပြီးရင်တော့ ဒိုင်အတွက်ဒုတိယဖဲချပ်ကို မှောက်လျှက်အနေအထားနဲ့ ပြထားပေးပါတယ်။ ပြီးရင်တော့ဖဲဝေသူမှ လက်ဝဲဘက်အစွန်ဆုံး ကစားသမားမှ စတင်ကာ ဖဲကဒ်ယူဦးမလား(Hit)၊ တော်ပြီလား(Stand)၊ လောင်းကြေးကို ၂ ဆတင်မှာလား (Double)၊ လောင်းကြေးကိုအိမ်ခွဲမှာလား(Split) မေးပါတယ်။ ကစားသမားအားလုံးကို တစ်ယောက်ချင်းစီ မေးပြီးရင်တော့ ဒိုင်အတွက်ဖဲကို စတင်လှန်ပါတယ်။ Blackjack စည်းမျဉ်းအရ ဒိုင်ဟာ၁၇ပေါက်ရမှ အသက်ပြည့်ပါတယ်။ ၁၇ပေါက်ပြည့်တဲ့အထိ ဒိုင်မှဖဲဆွဲရင်း ၂၁ပေါက်ထက်ကျော်လွန်သွားတဲ့အခါ ဒိုင်ဖဲသေသွားပြီး(Bust) ကစားသမားအားလုံးကို လောင်းကြေးငွေ၁ဆစီ လျော်ပါတယ်။ ဒီလိုမဟုတ်ပဲ ဒိုင်ဟာ ၁၇ပေါက်နဲ့၂၁ပေါက်ကြားတန်ဖိုးရသွားရင်တော့ ကစားသမားတစ်ဦးချင်းစီကို ဒိုင်ရဲ့ဂဏန်းနဲ့ ယှဉ်ပြီး အလျော်အစားလုပ်ပါတယ်။ ဒိုင်ကဂဏန်းကြီးရင်စားပြီး ဒိုင်ကဂဏန်းသေးရင်လျော်ပါတယ်။ ဒိုင်နဲ့ကစားသမား ဂဏန်းတန်ဖိုးချင်းတူရင်တော့ သရေ(Push)ဖြစ်သွားပြီး လောင်းကြေးငွေကို ပြန်ပေးပါတယ်။
Blackjack မှာ ဖဲဆွဲခြင်း(Hit)၊ ဖဲရပ်ခြင်း(Stand) စသည်တို့ကို နှုတ်ဖြင့်ပြောလို့မရပဲ လက်ဖြင့် အချက်ပြပေးရပါတယ်။ ဒီလိုလုပ်ခြင်းက မလိုလားအပ်တဲ့ အငြင်းပွားမှုတွေ မဖြစ်ပေါ်စေရန် စည်းမျဉ်းလုပ်ထားခြင်းဖြစ်ပါတယ်။ ကစားသမားတွေဟာ မိမိဆုံးဖြတ်ချက်ကို လက်နဲ့အချက်ပြဖို့အတွက် တိကျသောနည်းစနစ်တွေရှိပါတယ်။

Hit

ကစားသမားဟာ မိမိဖဲသည်ဒိုင်ကိုနိုင်ဖို့အတွက် ဂဏန်းအရမ်းငယ်သေးတယ် ထင်ရင်ပဲဖြစ်ဖြစ်၊ နောက်ထပ်ဖဲတစ်ချပ်ဆွဲခြင်းဖြင့် ဒိုင်ကိုနိုင်နိုင်ခြေရှိတယ် ထင်ရင်ပဲဖြစ်ဖြစ် နောက်ဖဲတစ်ချပ် တောင်းနိုင်ပါတယ်။

စားပွဲခုံကို လက်ဖြင့်(သို့မဟုတ်)လက်ညှိုးဖြင့် ပုတ်ခြင်းဟာ နောက်ဖဲတစ်ချပ်ဆွဲခြင်း (Hit) အတွက် အချက်ပြမှုဖြစ်ပြီး ကစားသမားဟာ မိမိလိုသလောက်ဖဲဆွဲနိုင်ပါတယ်။ ၂၁ပေါက်ထက် ကျော်လွန်သွားရင်တော့ ဒိုင်မှလောင်းကြေးငွေ သိမ်းယူသွားမှာဖြစ်ပါတယ်။

Stand

ကစားသမားဟာ မိမိဖဲသည်တော်လောက်ပြီထင်လျှင် ဖဲဆွဲခြင်းကို ရပ်နားနိုင်ပါတယ်။ ကစားသမားအတွက် အနိမ့်ဆုံးဂဏန်းတန်ဖိုး ဘယ်လောက်ရှိရမည်ဟု သတ်မှတ်မထားပဲ မိမိသဘောဆန္ဒ အလျောက်သာဖြစ်သည်။ စားပွဲခုံပေါ်တွင် လက်ခါပြခြင်းဟာ ဖဲဆွဲရပ်ခြင်း(Stand)အတွက် အချက်ပြခြင်း ဖြစ်ပါတယ်။

Blackjack ဖြစ်ခြင်း

ဖဲဝေသူမှ မိမိကိုပထမဆုံးဝေထားသောဖဲ၂ကဒ်သည် J,Q,K,10 မှတစ်ကဒ်နှင့် Ace တစ်ကဒ် ဆိုလျှင် Blackjackဖြစ်ပြီး ၁ဆခွဲ(သို့မဟုတ်)၂ဆ လျော်ကြေးငွေချက်ချင်းရရှိပါတယ်။ ဒီမှာခြွင်းချက်တစ်ခုရှိပါတယ်။ ဒိုင်ရဲ့ပြထားသော ဖဲကဒ်ဟာ J,Q,K,10,Ace ဖြစ်နေပါက ချက်ချင်းလျော်ကြေးမရပါဘူး။ ဘာလို့လည်းဆိုတော့ ဒိုင်ဟာလည်း Blackjack ဖြစ်နိုင်လို့ပါ။ ဒီလိုအခြေအနေမျိုးဖြစ်လာရင်တော့ ဒိုင်ကသင့်ကို ပြိုင်မလား၊လျော်ကြေး၁ဆပဲယူမလား (Fight or Even Money)ဆိုပြီး မေးပါလိမ့်မယ်။ သင်ဟာလျော်ကြေး၁ဆပဲယူမယ်ဆိုရင် လျော်ကြေးချက်ချင်းရရှိမှာပါ။ ဒိုင်ရဲ့ဖဲကဒ်ဟာ Ace ဖြစ်နေမယ် ဆိုရင် ဒါဟာကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပါ။ ဒါမှမဟုတ် သင်ကပြိုင်မယ်(Fight)ဆိုပြီး ရွေးချယ်ခဲ့ရင်တော့ ဒိုင်Blackjackဖြစ်လျှင် လျော်ကြေးရမှာမဟုတ်ပဲ Blackjack မဖြစ်ရင်တော့ လျော်ကြေးငွေရရှိမှာပါ။

အာမခံကြေး (Insurance)

ဒိုင်၏ပထမဆုံးကဒ်သည် Aceဖြစ်နေလျှင်အာမခံကြေး(Insurance)ထည့်လို့ရပါပြီ။ အာမခံကြေးကို Insuranceဟုရေးထားသောနေရာတွင် ထည့်လို့ရပြီး ဒိုင်Blackjack ဖြစ်သွားလျှင် အာမခံကြေးအဖြစ် ၂ဆလျော်မှာဖြစ်ပါတယ်။ ဒိုင်Blackjackမဟုတ်ရင်တော့ အာမခံကြေးကိုသိမ်းသွားမှာဖြစ်ပါတယ်။

အရှုံးပေးခြင်း (Surrender)         

တစ်ချို့သော Casino များမှာ အရှုံးပေးခြင်း(Surrender)ကို ထည့်သွင်းပေးထားပါတယ်။ ဒိုင်၏ ပထမဖဲသည် Aceဖြစ်နေခဲ့လျှင် ဒိုင်မှအရှုံးပေးမည်လားဟုမေးပါတယ်။ မိမိကအရှုံးပေးမည်ဆိုလျှင် မိမိထိုးထားသော လောင်းကြေးငွေ၏တစ်ဝက်ကိုပဲ ဒိုင်မှသိမ်းသွားမှာဖြစ်ပါတယ်။

ဖဲအိမ်ခွဲခြင်း (Split)

Blackjack မှာမိမိရဲ့ပထမဆုံးဖဲ၂ချပ်သည်တူညီသော တန်ဖိုးနှစ်ခု(ဥပမာ-၈နှစ်ချပ်၊ ၉နှစ်ချပ်၊ Jနှစ်ချပ်)ဖြစ်ခဲ့လို့ရှိရင် ဖဲအိမ်ခွဲလို့ရပါတယ်။ ဒီလိုခွဲတဲ့အခါမှာ မိမိမူလလောင်းကြေးတန်ဖိုးကိုပဲ ထည့်ပိုင်ခွင့် ရှိပါတယ်။ (ဥပမာ-မိမိရဲ့မူလလောင်းကြေးက ငါးဒေါ်လာဆို အိမ်ခွဲတဲ့အခါ ငါးဒေါ်လာပဲထည့်လို့ရပါတယ်။ ၁၀ဒေါ်လာထည့်လို့မရပါ)။ ကစားသမားအများစုက ၇နှစ်ချပ်၊ ၈နှစ်ချပ် ဖြစ်လာခဲ့လို့ရှိလျှင် အိမ်ခွဲကြပါတယ်။ ဒီလိုခွဲခြင်းဖြင့် နိုင်ရန်အလားအလာပိုများလို့ပါ။ Aceမှလွဲပြီးတော့ ကျန်တဲ့ကဒ်အားလုံးကို သုံးကြိမ်အထိ အိမ်ခွဲနိုင်ပြီး Aceကတော့ တစ်ခါပဲခွဲနိုင်ပါတယ်။

လောင်းကြေး၂ဆ တင်ခြင်း(Double)

ကစားသမားတွေဟာပထမ၂ကဒ်ဝေအပြီး မိမိသည်ဒိုင်ကိုနိုင်နိုင်တယ်လို့ မလွဲမသွေယုံကြည်တယ် ဆိုရင် လောင်းကြေး၂ဆတင်လို့ရပါတယ်။ ဒီလို၂ဆတင်ချင်ရင် မိမိမူလလောင်းကြေးအတိုင်း ထပ်လောင်းရမှာဖြစ်ပြီး ဒိုင်မှနောက်ထပ်ဖဲတစ်ကဒ်သာ ထပ်ပေးတော့မှာဖြစ်ပါတယ်။ ဒါကြောင့် လောင်းကြေး၂ဆမတင်ခင် သေသေချာချာစဉ်းစားသင့်ပါတယ်။ တစ်ချို့သော Casino များကတော့ ၂ကဒ်ပေါင်းခြင်းတန်ဖိုး ၉၊၁၀၊၁၁ ဖြစ်မှသာ လောင်းကြေး၂ဆတင်လို့ရပါတယ်။

အခြားသောစည်းမျဉ်းများ

မိမိကစားတဲ့ Casinoရဲ့စည်းမျဉ်းအပေါ်မူတည်ပြီး Blackjackဟာ စည်းမျဉ်းအနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ တစ်ချို့သော Casino များမှာ တူညီသောဖဲကဒ်များအတွက် လောင်းကြေးသပ်သပ် ရှိပါတယ်။ (Pair ဟုခေါ်သည်။ ဥပမာ- ၁နှစ်ကဒ်၊ ၂နှစ်ကဒ်၊ Jနှစ်ကဒ်)။ မိမိရဲ့ပထမဆုံးနှစ်ကဒ်ဟာ တူညီတဲ့တန်ဖိုးဖြစ်လာခဲ့ရင် လောင်းကြေး၁၀ဆအထိ ပြန်လည်ရရှိနိုင်ပါတယ်။ နောက်ပြီး Ban Cardဟု ခေါ်သော ဖဲကဒ်ကို ပွဲတစ်ပွဲစတိုင်း ဖဲဝေသူမှဖယ်ထားလိုက်ပါတယ်။ ဖဲရေတွက်ပြီး ဆော့သူတွေ အခက်တွေ့ရသော အခြေအနေတစ်ခုပါ။ ထို့အပြင် ကစားသမားသည် ဖဲခြောက်ကဒ်ကို ပေါင်းခြင်း ၂၁ထက် မကျော်လွန်ပဲဆွဲနိုင်ခဲ့ပါက အနိုင်ရရှိနိုင်ပါသေးတယ်။ 




No comments:

Post a Comment